
သင်္ကြန် စတုဒီသာ
သင်္ကြန်ရက်များမှာ သင်္ကြန်ပျော်သူများ ရှိသလို။ အကျွေးအမွေးဖြင့် ကုသိုလ်ပြုသူများလည်းရှိသည်။ သင်္ကြန်အကြတ်နေ့က တူမများ၏ အိုးဝေဖြင့် မန်းကျုံးဘေးသို့ရောက်ခဲ့သည်။ တူမများက အကြိုနေ့မှာ လည်ပတ်ရင်း စတုဒီသာကျွေး သည်ကို ဝင်ရောက်စားခဲ့သည်။ အလှူရှင်များက စေတနာကောင်းမွန်လှသည်။
ငါးခြောက်အိုးကြီးချက်က ရှာပေါ်စွဲစေသည်။ ပဲဟင်းချိုကလည်း ကျောက်ပွင့်များဖြင့် ချိုလှသည်။ ပဲတီချဉ်သုပ်၊ ငရုပ်သီးကြော်များဖြင့် အလှူပွဲကြီးများ မှာ ကျွေးမွေးသလို စေတနာများစွာဖြင့် လာရောက်သူ အားလုံးကို ကျွေးမွေးသည်။ အချိုရည်များလည်း တိုက်သေးသည်ဟု တူမများက အားရပါးပြောပြသည်။

တူမ၏ပြောကြားချက်ကြောင့် ကျွန်တော့်အမက ဟယ် ငါတို့ကိုတော့ လာမခေါ်ကြဘူး။ ငါးခြောက် အိုးကြီးချက် စားချင်လိုက်တာ ဟုပြောသည်။ တူမ၏ခင်ပွန်းက အိုးဝေမောင်းရင်း နောက်ရက်မှာ ကျွေး မကျွေး ကြည့်ခဲ့မည်ဟုပြောသည်။ သူက ကျုံးဘေးသို့ သင်္ကြန်ရက်များမှာ အိုးဝေ အကြိုအပို့ လုပ်ပေးရသည်။
နောက်နေ့အကြတ်နေ့မှာလည်း ကျွေးသည်ဟုပြောသည်။ ငါးခြောက်နှပ်ကျွေးသည့် အလှူရှင်များက သင်္ကြန်ရက် အားလုံးမှာ ကျွေးမွေးကုသိုလ်ပြုသည်။ နောက်နေ့ကျွေးသည်ဟု ပြော၍ တူမက သူ့ အမေကို အိုးဝေဖြင့် ငါးခြောက်ချက်ကျွေးသော စတုဒီသာရှိရာသို့ ပို့ပေးသည်။ အမက ကျွန်တော့ကိုပါ ငါးခြောက်နှပ် စားရအောင်ခေါ်သည်။

ကျွန်တော်လည်း ရေပက်ခံရင်း၊ ငါးခြောက်နှပ်စားရင်း Hive မှာ ပိုစ့်တင်ဖို့ ကုန်ကြမ်းရှာရင်း သူရို့အိုးဝေ ဖြင့် လိုက်ပါခဲ့သည်။ ငါးခြောက်နှပ်ကျွေးသော နေရာသို့ရောက်သောအခါ လူအများအပြားက ခေါင်းမဖော်တမ်း အားရပါးရ စားနေကြသည်။ ထိုသူတို့ကိုကြည့်၍ ကိုယ်တွေလည်း ပါဝင်နွဲခဲ့သည်။ ငါးခြောက်နှပ်၊ ပဲဟင်း၊ ကုလားပဲနှပ်၊ ပဲတီချဉ်သုပ် နှင့် ငရုပ်သီးကြော်များက လိုက်ဖက်စွာမို့ အားရပါးရ စားခဲ့ရသည်။ စားသောက်ပြီး အချိုရည်ဖြင့်လည်းအစာ ပိတ်ခဲ့ပါသေးသည်။ ကုသိုလ်ပြုသူ ဒီ့ထက်မက လှူနိုင် ပါစေကြာင်း ဆုတောင်းခဲ့သည်။
ငါးခြောက်နှပ်ဖြင့် ထမင်းစားသောက်ပြီး ကျုံးဘေး သို့ဆက်လက်ထွက်ခွါခဲ့သည်။ ကျုံးဘေးမှာ ခဏတဖြုတ်ကြည့်ပြီး အိမ်ပြန်ခဲ့ကြသည်။ ကျုံးဘေးကတော့ သိကြသည့်အတိုင်း လူအများ တိုးဝှေ့ကာ မြူးတူးပျော်ပါးနေကြသည်။ ဆောင်းဘောက်သံများ၊ အဆိုတော်များ၏ သီချင်းသံများဖြင့် လူအများက မန်းသင်္ကြန်မှာ ပျော်နေသည်။ ထိုလူအုပ်ကြီးကို ကြည့်ပြီးတခဏ ဟိုးတုန်းကလည်း ပျော်ခဲ့ကြ၊ ယခုလည်းပျော်နေကြ၊ နောက်လည်း ပျော်နေကြအုံးမှာပဲဟု အတွေးဖြင့် လှည့်ပြန်ခဲ့ပါတော့သည်။
@htwegyi April 16, 2026