
မီးသတိပြု
ယနေ့ ဈေးသွားသည့်အခါ တူမတို့ ဇနီးမောင်နှံ၏ အိုးဝေကားလေးဖြင့် လမ်းကြုံလိုက်ခဲ့သည်။ ယခင်နေ့များမှာတော့ ဈေးသို့ လမ်းလျှောက်ရင်း သွားသည်။ ဈေးသွားရာ လမ်းတလျှောက် ဟိုငေး ဒီငေးဖြင့် ဈေးရောက်မှန်းမသိ ရောက် ပေသည်။ ယခုတလော ဈေးသွားရာ လမ်းတလျှောက် ရှိ ရပ်ကွက်မှာ အလှူပွဲများကို တွေ့ရသည်။ ယနေ့ ဒီတလမ်းဆိုပါမူ။ နောက်တနေ့မှာ နောက်တလမ်းရှိအိမ်မှ အလှူပွဲအတွက် လှည့်လည်ဖို့ ဝတ်ကောင်းစားလှများဖြင့် အလှူပွဲလှည့်ဖို့ ဟန်ရေပြနေကြသည်။

ဈေးသွားရာ လမ်းရှိ ရပ်ကွက်မှ အိမ်များက တအိမ်နဲ့ တအိမ် အပြိုင်အဆိုင်များ လှူနေကြသလား အောင်းမေ့ရပေသည်။ ဓာတ်စက်ကြီးများနဲ့ အပြိုင်ဖွင့်ပြီး ဦးရွှေရိုး၊ ဒေါ်မိုးအကများဖြင့်လည်း အလှူပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် ကပြ ဖျော်ဖြေပေး သေးသည်။ အလှူပွဲလှည့်လည်ရာမှာ အလှူကားတန်း၏ ရှေ့မှ လမ်းရှင်းပေးမည့် မော်တော်ဆိုင်ကယ်များမှ မီးသတ်ဝတ်စုံ ဝတ်ဆင်ထားသူတို့က ဟန်ရေး တကြွကြွ နေရာတကာ ဆရာကြီးများပါပေ့။ တနေ့က အိမ်သို့ နွေရာသီ ခြောက်သွေ့ကာလမို့ မီးအန္တရာယ်ကင်းစေရန် မီးသတ်များ လာရောက် စစ်ဆေးသည်။ မီးသတ်ဝတ်စုံနဲ့ လူသုံးလေးဦး အပြင် အရပ်ဝတ်များနှင့် လူအချို့လည်းပါဝင်သည်။ ထမင်းဟင်း ဘာနဲ့ ချက်သလဲဟု စစ်မေးပြီး အိမ်ရှိ လူဦးရေစာရင်းပါ ကောက်ယူသည်။ ထိုအပြင် အိမ်ရှေ့မှာချထားသော ပုံဝါကြီးကို မ ပြီး ဘာတွေထည့်ထားတာလဲဟု မေးသည်။ တူမက ဟိုဟာ ဟိုဒင်းဟု ဖြေဖို့ ခက်ခဲနေသည်။ ကျွန်တော် ရေပုံပါ သောင်ရေခပ်တဲ့ ရေပုံးဟု ဖြေလိုက်ရသည်။

အမှန်က ထိုပုံဝါက ဓာတ်ဆီထည့်ဖို့ ထားခြင်း ဖြစ်သည်။ ဓာတ်ဆီမထုတ်ရသေး၍ မထည့်ရသေးပေ။ ဖြစ်ချင်တော့ ထိုမီးသတ်များလာရောက် စစ်သည့်နေ့မှ ထိုပုံဝါက အိမ်ရှေ့မှာရှိနေသည်။ တော်ပေသေး မောင်မင်းကြီးသားက မ ကြည့်ပြီး ဘာမှ မပါသော ကြောင့် ဘာမှမပြောပေ။ အဲ ပြောတော့ ပြော သည် ဓာတ်ဆီပုံဆိုပါမူ အဝတ်ကို ရေစိုအောင် ပြုလုပ်၍ အုပ်ပေးထားပါဟုတော့ ပြောခဲ့ပါသည်။ နွေရာသီရောက်သည့်အပြင် အိမ်တိုင်းနီးပါး လောင်စာဆီများ သိုလှောင် ထားရှိကြပေမည်။ မီးအန္တရာယ်သတိရှိဖို့ လိုအပ်သည့်ကတော့ အမှန်ပါပေ။ မီးနှင့် မန္တလေးက သိပ်ပြီး မစိမ်းသော ငယ်ကျွမ်းဆွေများပမာပေမို့။ သတိတော့ ထားကြရပေမည်။
@htwegyi April 10, 2026